- Apr 02, 2017
Myanmar Gems မြန်မာ့ကျောက်မျက် ပြန်ဝယ်ရန် အမေရိကန
မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရန် စိတ်ဝင်စားသော အမေရိကန် ကျောက်မျက်ကုန်သည်များက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့၌ အောက်တိုဘာလ ၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း AGTA ဥက္ကဌ Jeffrey Bilgore ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးအဖွဲ့နှင့် UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေး၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အဖွဲ့တို့သည် မြန်မာနိုင်ငံတွင် ကျောက်စိမ်းစျေးကွက်အကြောင်းကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
AGTA ဥက္ကဌ Jeffrey Bilgore က မြန်မာနိုင်ငံကို လာရောက်ရသော ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်တွင် ထည့်သွင်းပြောသည်။
“ကျနော်တို့ ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍက ကမ္ဘာ့ဘယ်နိုင်ငံနှင့်မဆို တန်ဖိုးချင်း ယှဉ်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ကုန်စည်ကူးသန်းမှု ဖွ့ံဖြိုးတိုးတက်လာဖို့ အထောက်အကူပြုမှာ ဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမယ်ဆိုတာ ကမ္ဘာကို ပြသဖို့ပါပဲ”ဟု Bilgore က ပြောသည်။
အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း ဥက္ကဌက ၎င်းတို့အနေဖြင့် ကမ္ဘာ့ကျောက်မျက်လုပ်ငန်း ကဏ္ဍများတွင် supply chain တခုလုံး ပွင့်လင်းမြင်သာပြီး အကျင့်ပျက်ချစားမှု ကင်းစင်စေရန် နှစ်ပေါင်း ၃၅ နှစ်ကျော် ဦးစီးဆောင်ရွက်နေကြောင်း ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ကဏ္ဍသည် ကမ္ဘာ့မည်သည့် ကျောက်စိမ်းလုပ်ငန်းများနှင့်မဆို ယှဉ်ပြိုင်နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
“မြန်မာနိုင်ငံမှာ ကျနော်တို့ မျှော်လင့်တာနဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းစနစ် မူဘောင်သစ်တွေ ချမှတ်ဖို့ ကျနော်တို့ဆီမှာ လုပ်ငန်းတွေ ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာ အသိပညာပေးရာကနေ နှစ်ဖက်အတူ ဖွံ့ဖြိုးတိုးတက်လာဖို့ ဖြစ်ပါတယ်” ဟု Bilgore ကပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအား စီးပွားရေး အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပေးရန် ကတိပေးပြီးနောက် အမေရိကန် ကျောက်မျက်ကုန်သည်များနှင့် ယခုကဲ့သို့ တွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။
အမေရိကန် ကုန်သည်များက မြန်မာနိုင်ငံ၏ ကျော်ကြားသော ပတ္တမြားကို စိတ်ဝင်စားကြကြောင်း ဒေါက်တာမောင်မောင်လေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“မကြာသေးခင်က ကျောက်စိမ်းတင်ပို့မှု အခြေအနေတွေနဲ့ အစိုးရရဲ့ မူဘောင်တွေအကြောင်း သူတို့က ကျနော်တို့ကို မေးပါတယ်။ ကမ္ဘာ့စျေးကွက်အတွက် ကျနော်တို့ နိုင်ငံက ပတ္တမြားတွေကို သူတို့ တကယ် စိတ်ဝင်တစားလိုချင်နေကြတယ်” ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
ကျောက်မျက်တင်ပို့မှုမှာ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွင် ဆက်လက်ကျန်ရှိနေသေးသည့်အပြင်၊ မြန်မာအစိုးရက ကျောက်စိမ်းတင်ပို့မှုကို တားမြစ်ထားကြောင်း ၎င်းက ဆိုသည်။
“ကျောက်စိမ်းစျေးကွက်က ကြီးတယ်။ အကယ်၍ အစိုးရက ကောင်းမွန်နဲ့ လုပ်ငန်းစနစ်မူဘောင်တွေပြုလုပ်ပြီး ကျောက်စိမ်းတင်ပို့မှုကနေ အခွန်ကောက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံခြားငွေကြေးတွေလည်း အများကြီး ရှာနိုင်ပါလိမ့်မယ်။ ပတ္တမြားတွေက အရွယ်အစားသေးတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ တန်ဖိုးမြှင့်နိုင်မယ်ဆိုရင် ကျနော်တို့အတွက် စျေးကွက်ကြီးတခု ဖြစ်လာပါလိမ့်မယ်”ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဒေါက်တာအောင်ကျော်ဝင်းကလည်း လူမှုရေး အကျိုးဆက်များကို တာဝန်ခံသော၊ ရေရှည်တည်တံ့သော ကျောက်မျက်ရတနာ လုပ်ငန်းများ ဖြစ်လာရန် အလွန်အရေးကြီးသည်ဟု ပြောကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင်အစိုးရအနေဖြင့် ကျောက်အရိုင်းတုံးများ တူးဖော် ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့ပြီး မြန်မာ့ကျောက်မျက်စျေးကွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာနိုင်ရန်အတွက် တန်ဖိုးမြင့် ကျောက်မျက်ရတနာ လုပ်ငန်းကို အလေးထား ပ့ံပိုးကူညီရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
“အရေးကြီးကတော့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုပါပဲ။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရင် ရေရှည်တည်တံ့ဖို့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရအနေဖြင့် ကဏ္ဍသုံးရပ်ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဒေါက်တာ အောင်ကျော်ဝင်းက ပြောသည်။ ၎င်းတို့မှာ သွင်းကုန် ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ လက်တွေ့နှင့် လိုက်ဖက်ညီ တိကျစေရန်၊ တရားမဝင် ကုန်သွယ်မှုကို အားပေးသလို ဖြစ်နေသည့် သွင်းကုန် ပို့ကုန်ဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကျောက်မျက်ရတနာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြပ်မတ်ညှိနှိုင်းပေးမည့် လွတ်လပ်သော အဖွဲ့အစည်းတရပ် သတ်မှတ်ပေးရန် တို့ ဖြစ်သည်။
“မြန်မာ့ တန်ဖိုးမြင့် ကျောက်မျက်ရတနာ ထုတ်ကုန် စုစုပေါင်းက တနှစ်လုံးမှ ကန်ဒေါ်လာ သန်း ၂၀ ပဲ ရှိတယ်။ ထို်င်းဆိုရင် တဘီလီယံလောက်ကို ဝင်ငွေရှိတာ”ဟု ၎င်းက ပြောသည်။
“ကျနော်တို့ ကျောက်မျက်အသင်းအနေဖြင့် ကျောက်မျက်တန်ဖိုးမြှင့် လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ master plan ကို အစိုးရကို ရေးဆွဲတင်ပြထားပါတယ်။ လူ့စွမ်းအား အရင်းအမြစ်ကို မူတည်ပြီးတော့ ကုန်သွယ်မှု မြှင့်တင်သွားဖို့ပါ”ဟု ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
Inle Advisory Group မှ Peter Kucik က မြန်မာကျောက်မျက်အပေါ် အရေးယူ ပိတ်ဆို့မှု အပါအဝင် အထွေထွေအရေးယူ ပိတ်ဆို့မှုများကို အမေရိကန်အစိုးရက ယခုအပတ်တွင် ရှင်းလင်းဖယ်ရှားပေးနိုင်ကြောင်း အစည်းအဝေးတွင် ပြောသည်။
credit: Irrawaddy Media
www.bagantrade.com